မင်္ဂလာပါ ... ကြွရောက်လာကြသော မိတ်သင်္ဂဟအပေါင်းတို့ကို "မြန်မာအလုပ်သမားများကွန်ယက်" ဆိုဒ်မှ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ခင်ဗျာ....

အစာငတ်ခံ ဆန္ဒပြရင်း လဲကျသူ ၁၀ ဦးအထိရှိလာ


ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်ရှိ Yangon Crown သံမဏိ စက်ရုံတွင် အစာငတ်ခံ ဆန္ဒပြနေကြသော အလုပ်သမား ၄၁ ဦးအနက်မှ အားပြတ်လဲကျခဲ့သူ ၁၀ ဦးအထိရှိသွားပြီဖြစ်ကြောင်း အလုပ်သမားကူညီရေးအဖွဲ့များက ပြောသည်။  အခြေခံလစာ တိုးမြှင့်ပေးရေးနှင့် အလုပ်သမားအခွင့်အရေးများ ပေးရေးတို့ကို ယခုလ ၂၅ ရက်နေ့က စ၍ အစာငတ်ခံတောင်းဆို ခဲ့ကြရာ တတိယမြောက်နေ့တွင် ကိုဇော်မင်းလတ်ဆိုသူမှာ လဲကျခဲ့ပြီး မှော်ဘီဆေးရုံကြီးသို့ ဆေးကုသရန်တင်ပို့ခဲ့ရသည်။ ယမန် နေ့ ညနေပိုင်းအထိ ယင်းသို့ ဖြစ်ပွားသူ စုစုပေါင်း ၁၀ ဦး ရှိပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

Yangon Crown သံမဏိ စက်ရုံမှ အလုပ်သမားများ အစာငတ်ခံ ဆန္ဒပြ နေသည်ကို ယမန်နေ့က တွေ့ရစဉ်(ဓာတ်ပုံ - မျိုးမင်းသွင် ဖေ့စ် ဘုတ် မှ)
“မနေ့ကအထိတော့ သွေးဝမ်းကိုက်တဲ့ တယောက်ကို မှော်ဘီဆေးရုံကြီးမှာ တင်ထားပါတယ်။ ကျန်တဲ့ကိုးယောက်ကိုတော့ ဆန္ဒပြ နေတဲ့ တဲနားမှာ အနားယူ ကုသပေးထားပါတယ်။ သူတို့က အနားမယူဘဲ ဆန္ဒပြတဲ့ နေရာကိုပဲ တွဲတွဲပြီး ပို့ခိုင်းနေတာပဲ၊ အဲဒီလိုပဲ သွားပြလိုက် လဲသွားလိုက်နဲ့”ဟု အလုပ်သမားများ ဆန္ဒပြမှုကို ကူညီဆောင်ရွက်ပေးနေသူ ကိုမျိုးမင်းသွင်က ဧရာဝတီသို့ ပြော သည်။
Yangon Crown သံမဏိ စက်ရုံတွင် အစာငတ်ခံဆန္ဒပြ အဖွဲ့အပြင် လူ ၁၅၀ ပါဝင်သော ထိုင်သပိတ်ဆင်နွှဲနေသည့် အဖွဲ့ တဖွဲ့လည်း ရှိနေပြီး နှစ်ဖွဲ့လုံးက အခြေခံလစာတိုးပေးရန်နှင့် လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် လုပ်ငန်းခွင် အကာအကွယ် ပစ္စည်းများ လုံလောက်စွာ ထားရှိပေးရန်တို့ကို တညီတညွှတ်တည်း တောင်းဆိုနေကြခြင်းဖြစ်သည်။
မှော်ဘီဆေးရုံကြီးသို့ တင်ပို့ကုသနေရသော ကိုဇော်မင်းလတ်မှာ သွေးဝမ်းများပါသွားနေပြီး စိုးရိမ်နေရကြောင်း၊ နောက်ထပ် အားပြတ် လဲကျခဲ့သူ ကိုတင်ဦး၊ ကိုတင်မိုးဝင်း၊ ကိုသန်းလှစိုး၊ ကိုရဲကိုဦးနှင့် အခြား ၅ ဦးမှာ အစာအိမ်အောင့်ခြင်း ဖျားနာခြင်းနှင့် ကြွက် တက် ဝေဒနာများခံစားနေရပြီး စောင့်လျှောက်ပေးနေလျက်ရှိကြောင်း ဆန္ဒပြသူများကို ကူညီပေးနေသော ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်များကလည်း ပြောဆိုသည်။
မူလက အစာငတ်ခံ ဆန္ဒပြသူ ၂၅ ဦးသာ ရှိခဲ့သော်လည်း နောက်ထပ် ၁၆ ဦး ထပ်မံဝင်ရောက်လာသဖြင့် ၄၁ ဦးထိ ရှိလာခဲ့ပြီး ဆန္ဒပြသူများက တောင်းဆိုချက်များ လိုက်လျောမှုရသည်ထိ ထိုနေရာမှ ရွှေ့ပြောင်းခြင်းမပြုတော့ဟု ဆုံးဖြတ်ခဲ့ကြကြောင်း ဆန္ဒပြ အလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရသည်။
“သူတို့ရဲ့ ရည်မှန်းချက်က သေသွားပစေ၊ အလောင်းကို မသင်္ဂြိုဟ်နဲ့ ဒီမှာပဲ ပုံထား။ တယောက်တည်းကျန် ပစေ တောင်းဆိုမှုများ ပြေလည်သည်အထိ တိုက်ပွဲဝင်သွားမယ်ဆိုပြီး ဆုံးဖြတ်ထားတာ”ဟု အလုပ်သမားများကို ကူညီပေးနေသည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်(HRDP) အဖွဲ့မှ ကိုကျော်ဝဏ္ဏ က ပြောသည်။
ယင်းသို့တောင်းဆိုနေမှုများနှင့် ပတ်သက်၍ အလုပ်ရှင်ကိုယ်စားလှယ်၊ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်များ၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်တို့ ယမန်နေ့က ဆွေးနွေးခဲ့ကြသော်လည်း အလုပ် သမားများ အဓိက တောင်းဆိုသော အခြေခံလစာတိုးပေးရေးကို ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပေ။

အစာငတ်ခံ ဆန္ဒပြစဉ် လဲကျသူ တဦး(ဓာတ်ပုံ - မျိုးမင်းသွင် ဖေ့စ် ဘုတ် မှ)
အလားတူ အခြေခံလစာ တိုးပေးရေးနှင့် အလုပ်သမား ခံစားခွင့်များ အတည်ပြုပေးရေးတို့ကို ယခုလ ၉ ရက်နေ့မှ စတင် တောင်း ဆိုမှုများ ပြုလုပ်ခဲ့သော Hi-Mo နှင့် Hi Art ဆံပင်တု စက်ရုံ နှစ်ရုံမှ အလုပ်သမား ၂၀၀၀ ခန့်ကိုလည်း ၂၄ ရက်နေ့မှ စတင်ကာ အစားအသောက်များကို စက်ရုံမှ ချက်မကျွေးတော့ဘဲ ရပ်ဆိုင်းခံလိုက်ရသည်။
ထိုအလုပ်သမားများကို အစိုးရမဟုတ်သော အဖွဲ့များက ကူညီပံ့ပိုးမှုများရှိသော်လည်း လုံလောက်မှုမရှိသဖြင့် အလုပ်သမား ၂၅၀ ကျော်မှာ အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရကြောင်း အလုပ်သမားခေါင်းဆောင် မသီတာထွန်း က ဧရာဝတီသို့ ပြောသည်။
“ကလေးတွေ နေမကောင်းဖြစ်တာက အစာမစားရလို့ အာဟာရချို့တဲ့တာလည်းပါတယ်။ အရင် ဆန္ဒပြတုန်း သူတို့ ထမင်းကျွေး တုန်းက ဝမ်းနှုတ်ဆေးတွေ၊ စိတ်ပျော့ဆေးတွေ ခတ်ထည့်တာလည်း ပါတယ်။ ဟင်းချက်တဲ့လူတွေက သူတို့ကိုယ်တိုင်ကလည်း ဒီဆေးတွေထည့်တဲ့ အကြောင်း ပြောတယ်”ဟု မသီတာထွန်း က ပြောသည်။
အလုပ်သမားများ၏ တောင်းဆိုချက်များအားလုံးကို ယခုလ ၁၀ ရက်နေ့က လှိုင်သာယာ စက်မှုဇုန် ရှေ့တန်းကြီးကြပ်ရေးရုံးတွင် အလုပ်သမား ခေါင်းဆောင်များ၊ အလုပ်ရှင် ကိုယ်စားလှယ် ဒေါ်နန်းသောင်းရင်နှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်တို့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေး နွေးခဲ့ပြီး သဘောတူလက်မှတ်ထိုးခဲ့သော်လည်း ထို သဘောတူစာချုပ်ကို ကိုရီးယား လုပ်ငန်းရှင် က သဘောမတူဟု ဆိုကာ တဖက်သတ်ဖျက်သိမ်းခဲ့သည်။
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်တွင် Hi-Mo နှင့် Hi Art စက်ရုံနှစ်ခု အပါအဝင် ဆန္ဒပြနေသည့် စက်ရုံပေါင်း ၁၁ ရုံရှိပြီး တိုးမြင့်အောင်၊ YJ ၊ နေမင်းအောင်၊ အာရှနှင်းဆီ၊ ပုလဲ၊ စပယ်ပွင့် နှင့် Miss Style စက်ရုံ ၇ ရုံမှာ ဝင်ငွေ၊ ကျန်းမာရေးနှင့် အာဟာရ ချို့တဲ့မှု များကြောင့် တောင်းဆိုမှုများ အပြည့်အဝ ရရှိသည်အထိ စောင့်ဆိုင်းနိုင်ခြင်းမရှိဘဲ အလုပ်ရှင်နှင့် ညှိနှိုင်းလစာကို သဘော တူကာ အလုပ်ပြန်ဆင်းနေကြပြီဖြစ်ကြောင်း သိရသည်။
အလုပ်သမားမျာဘက်မှ ဥပဒေအရ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးဌေး က “ဆန္ဒပြအလုပ်သမားတွေမှာ အကူအညီတွေ လိုပါ တယ်။ ဝင်ငွေမရတဲ့အပြင် အိမ်ကနေ ပိုက်ဆံတောင်းပြီး ဒီကိုလာကြရ၊ ထမင်းဖိုး၊ ရေဖိုးကအစကုန်နေတယ်၊ ရက်ရှည်လများ ဆန္ဒပြနေကြရတဲ့အတွက် စိတ်ဓာတ်ရေးရာ အထောက်ပံ့တွေလိုနေသလို ရုပ်ဝတ္ထု အရလည်း ငွေကြေးအပါအဝင် အစား အသောက် အထောက်ပံ့တွေ လိုပါတယ်။ ဒါမှသာ အလုပ်သမားတွေက ကြံ့ကြံ့ ခံနိုင်မှာ ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
သူကဆက်ပြီး“အစောပိုင်းက၊ ၇ ရုံလက်မှတ်ထိုးကြတာလည်း ကြံ့ကြံ့ မခံနိုင်ကြတော့လို့ဖြစ်ပါတယ်။ သူတို့မှာ သောက်စရာက မရှိ၊ အမိုးအကာက မရှိ၊ မိုးရေထဲမှာ တောင်းဆိုနေကြတယ်၊ ဖျားတဲ့လူကဖျား၊ နာတဲ့လူကနာနဲ့ အဲဒါကြောင့်မို့ သူတို့လည်း ရတဲ့ အဖြေ တခုအပေါ်မှာ ကျေနပ်လက်ခံ လိုက်ရတဲ့အခြေအနေတွေဖြစ်သွားတာ၊ ဒါပေမယ့် တောင်းဆိုမှုတွေ အပြည့်အဝ မရရှိသွားပေမယ့် တချို့တဝက်ထိတော့ ရသွားတယ်” ဟု သူက ပြောသည်။
Hi-Mo နှင့် Hi Art ဆံပင်တု စက်ရုံးများအပါအဝင် ငွေကံ့ကော်နှင့် Lucky Shoe တို့မှာ ဇွဲမလျှော့သေးဘဲ တောင်းဆိုမှုများ အပြည့်ဝ ရရှိသည်အထိ ဆက်လက် တောင်းဆိုသွားမည်ဟု အလုပ်သမားများကပြောဆိုနေကြသည်။ အခြေခံ လစာတိုးပေးရေးနှင့် အလုပ်သမားခံစားခွင့် တောင်းဆိုမှုများ ထပ်မံတိုးပွားလျက်ရှိပြီး ယနေ့တွင်ပင် ကမ္ဘာ အထည်ချုပ် စက်ရုံနှင့် Star tet စက်ရုံ တို့က ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။
ထို့အတူ မြန်မာနိုင်ငံတွင် လူသုံးအများဆုံး အရက်များကို ထုတ်လုပ်နေသော IBTC ကုမ္ပဏီ လက်အောက်ရှိ M.W.D.C စက်ရုံခွဲ ၄ ခုအနက် အမှတ် (၁) နှင့် အမှတ် (၂) စက်ရုံတို့မှ အလုပ်သမား ၂၀၀ ကျော်က ဧပြီလ ၂၈ ရက်နေ့ကတည်းကပင် အခြေခံ လစာ တိုးမြှင့်ပေးရေးနှင့် လုပ်ငန်းခွင်အတွင်း လိုအပ်ချက်များပြုပြင်ပေးရေးတို့ကို အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပြီး အလုပ်ရှင်က ယခုချိန် အထိ လိုက်လျောပေးမှု မရှိသေးသဖြင့် ဝင်ငွေထိခိုက်နစ်နာမှုများနှင့် ကြုံနေရသည်။

ထိုင်းတောင်ပိုင်း မြန်မာ အလုပ်သမားအရေး မြန်မာသံရုံး ညှိနှိုင်းပေးနိုင်ခဲ့

ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလာခရိုင် ဖတ်တနာ ပင်လယ်အစားအစာ စက်ရုံက မြန်မာ အလုပ်သမားအရေး ကိစ္စကို ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက သံမှူးကြီး ဦးမျိုးတင့်၊ အလုပ်သမားရေး တာဝန်ခံနဲ့ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက သွားရောက် ညှိနှိုင်းပေးခဲ့ရာမှာ အဆင်ပြေ သွားပြီလို့ သိရပါတယ်။
Photo Courtesy of Sein Kyaw Hlaing
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ကြသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား တချို့ကို မဲဆောက်-မြ၀တီ နယ်စပ်တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။
နှစ်နိုင်ငံ သဘောတူညီမှု စာချွန်လွှာ (MOU) နဲ့ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ကန့်သတ်ထားပြီး သူတို့ပိုင်ဆိုင်တဲ့ ယာယီ ပတ်စပို့စ်တွေကိုလည်း သိမ်းဆည်းထားခဲ့တဲ့အတွက် ဒီလ (၈) ရက်နေ့က စက်ရုံမှာ အတူလုပ်ကိုင်နေတဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေနဲ့အတူ မြန်မာ အလုပ်သမားတွေက စုပေါင်းပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဒါကြောင့် ညှိနှိုင်းမှုတွေ အဆင့်ဆင့် ပြုလုပ်ခဲ့ရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ သိမ်းဆည်းထားတဲ့ ယာယီ ပတ်စပို့တွေက စက်ရုံက ပြန်လည်ပေးအပ်ခဲ့ပါတယ်။
မနေ့ကစပြီး မြန်မာသံမှူးကြီး ဦးဆောင်ပြီး ကိုယ်စားလှယ်အဖွဲ့က အသေးစိတ် သွားရောက် ညှိနှိုင်းပေးရာကနေ အခုလို အားလုံး ပြေလည်မှု ရတာပါလို့ မြန်မာအစိုးရ အလုပ်သမားရေး တာဝန်ခံ ဦးကျော်ကျော်လွင်က RFA ကို အခုလိုပြောပါတယ်။
“အဲဒါ ပြေလည်သွားပြီဗျ။ ပြေလည်သွားတော့ အလုပ်သမားတွေနဲ့ အလုပ်ရှင်နဲ့ ကျွန်တော်တို့ မနေ့က သဘောတူစာချုပ် ချုပ်ပေးခဲ့တယ်။ ချုပ်ပြီးတော့ အလုပ်သမားတွေလည်း ဆက်ပြီးတော့ အလုပ်ဝင်နေတာပေါ့နော်။ ပြန်ပြီးတော့ ပျော်ပျော်ပါးပါးပဲ အလုပ်ဝင်သွားပြီ။ မနက်ကတောင် ကျွန်တော်တို့ အဲဒီအလုပ်သမား တန်းလျားကို သွားကြည့်ခဲ့သေးတယ်။ ကျန်းမာရေးအတွက် လိုအပ်ချက်တွေ သွားတွေ့လို့ ကုမ္ပဏီကို ဒါလေးတွေ ထပ်လုပ်ပေးပါဦးလို့ ကျွန်တော် မေတ္တာရပ်ခံခဲ့သေးတယ်။”
အရင်က အလုပ်သမားတွေက တနေ့လုပ်ခ (၁၇၇) ဘတ်ရရှိခဲ့သလို အချိန်ပိုကြေး ၃၃ ဘတ်ပဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုညှိနှိုင်းမှု အပြီးမှာ ယခင်ကာလ နစ်နာခဲ့မှုတွေအတွက် စာချုပ်ပါ အတိုင်း (၂၀၅) ဘတ်နဲ့ နေ့တွက်ခကို ပြန်လည် တွက်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့ ညှိနှိုင်းပေးခဲ့မှုတွေကိုတော့ သူက အခုလို ဆက်ပြောပါတယ်။
“အဓိက ကတော့သူတို့ ၂၀၅ ဘတ် မပြည့်တဲ့ ကိစ္စလေးကို ပြန်ပြီးတော့ ဖြည့်ပေးပါ တောင်းတယ်။ အဲဒါလေး ဖြည့်ပေးလိုက်တယ်။ နောက်တခါကြတော့ နေအိမ်ကို အခမဲ့ပေးပြီးတော့ ရေဖိုးနဲ့ မီးဖိုး ညှိယူကြတာပေါ့။ အဲဒါမျိုး လုပ်လိုက်တယ်။ သူတို့ ပြောတာလေးတွေက အလုပ်သမားရေးရာလေးတွေ၊ အဲဒါလေးတွေ ကျနော်တို့ အသေးစိတ် အကုန်လိုက်ညှိပေးလိုက်တယ်။ သူတို့ကျန်းမာရေးနဲ့ ပတ်သက်လို့ သောက်ရေကိုလည်း လုံလောက်စွာ ထားပေးဖို့တို့၊ အိမ်သာကိုလည်း လုံလောက်စွာထားပေးဖို့တို့။”
ဒီလို ညှိနှိုင်းမှုတွေကြောင့် အလုပ်သမားတွေဟာ အခုဆိုရင် တစ်ရက်ကို နေ့တွက်ခ (၂၆၆) ဘတ်အထိ ရရှိမှာဖြစ်ပြီး အချိန်ပိုလုပ်ခ အနေနဲ့ ယခင် (၃၃) ဘတ်ကနေ အခုတစ်နာရီကို ဘတ် (၅၀) ခန့် ရရှိမှာ ဖြစ်ပါတယ်။
ဒီအလုပ်သမားတွေဟာ MOU နဲ့တရားဝင် စာချုပ်ချုပ်ပြီးလာတာ ဖြစ်တဲ့အတွက် လိုအပ်လာရင် မြန်မာအစိုးရ အနေနဲ့ အခွင့်အရေး အပြည့်အဝ ရအောင် ကူညီနိုင်တာဖြစ်လို့ တရားဝင်ဖို့ လိုကြောင်းလည်း ဦးကျော်ကျော်လွင်က ပြောပါတယ်။

မြန်မာ့လုပ်သား ပြတ်လပ်မှု အတွက် ပြင်ဆင်ကြရန် ထိုင်းစက်မှု လုပ်ငန်းရှင်များ သတိပေး

anl14061109280181မြန်မာနိုင်ငံ၏ တိုးတက် ဖြစ်ထွန်း မှုများ ကမ္ဘာ့ မျက်နှာစာ၌ ပွင့်လင်း မြင်သာ လာသည်နှင့် အမျှ နိုင်ငံရပ်ခြားသို့ တရားဝင်ရော၊ တရားမဝင် သွားရောက် အလုပ် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမား များအား ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆွဲဆောင်လျက် ရှိနေသည်။ ထို့ကြောင့် မြန်မာ အလုပ် သမားများ အများဆုံး ဝင်ရောက် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ အနေဖြင့် ကြုံတွေ့ရမည့် လုပ်သား ပြတ်လပ်မှုအား ကြိုတင် ပြင်ဆင် ထားကြရန် စက်မှု လုပ်ငန်း ကြီးများမှ ထိုင်းမီဒီယာ များသို့ ထုတ်ဖော် ပြောကြားထားပါသည်။

kanyong လျှပ်စစ် ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ supachai sarethsathian ကမူ “ကျွန်တော်တို့ ထိုင်းနိုင်ငံအတွက်တော့ အခု ကြုံတွေ့ နေရတဲ့ လုပ်သား ပြတ်လပ်မှု ပြသနာဟာ ရေရှည်မှာ ပိုမို ဆိုးရွားလာဖွယ် ရှိပါတယ်။ အထူးသဖြင့် မြန်မာ လုပ်သားတွေ နေရပ်ပြန်တာပေါ့။ နောက်တစ်ခုက ထိုင်းပြည်တွင်း စိုက်ပျိုးရေး ကဏ္ဍတွေရဲ့ ထုတ်ကုန်တွေ ဈေးမြင့်လာတာနဲ့အမျှ စက်မှုလုပ်ငန်း လုပ်သားတွေလည်း စိုက်ပျိုးရေး ကဏ္ဍတွေမှာ ဝင်ရောက် လုပ်ကိုင်ဖို့ ဆွဲဆောင်တဲ့ အချက်ဖြစ်နေပါတယ်” ဟု ဧပြီလ ၁၀ ရက်နေ့တွင် ထိုင်းပြည်တွင်း မီဒီယာများအား ပြောကြား သွားပါသည်။

ထိုင်းနိုင်ငံ၌ အကြီးဆုံး ပင်လယ်စာ စည်သွတ်ဗူး ထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခုဖြစ်သည့် Thai Union Frozen Products (TUF) ကုမ္ပဏီ ဥက္ကဋ္ဌ Thiraphong Chansiri က “ကျွန်တော် တာဝန်ယူတဲ့ သက်တမ်း (၆) လတာ ကာလအတွင်းမှာ ပုံရိပ်တွေဟာ တဖြည်းဖြည်း ထင်သာ မြင်သာလာပါတယ်။ တစ်ချို့ထုတ်လုပ်မှု လုပ်ငန်းစဉ် အလုပ်ရုံတွေကို အခြားနိုင်ငံတွေကို ပြောင်းရွေ့ ရစေခြင်း တွေလည်း ဖြစ်လာတယ်။ ဒါဟာလည်း မြင့်တက်လာတဲ့ လုပ်အားခ ပေးဆောင်ရခြင်း တွေအတွက် စီမံ ဆောင်ရွက်ချက် တွေပါ။ အပြောင်းအလဲ အခြေအနေတွေကို စောင့်ကြည့် သွားဖို့လိုပါတယ်။ ဒါပေမယ့် မလွဲမသွေ ကြုံတွေ့ရမယ့် ပြသနာရပ်တွေ အတွက်လည်း ကြိုတင် ပြင်ဆင်ထားဖို့ လိုနေပါပြီဟု” ပြောကြား သွားပါသည်။

30175701-01_big

မဟာချိုင် TUF စက်ရုံ မီးလောင်မှု ဖြစ်ပွါးစဉ် ဒဏ်ရာရသူများအား အရေးပေါ် ကယ်ဆယ်ရေးမှ ယူဆောင်လာစဉ် (ဓါတ်ပုံ - အင်တာနက်)

TUF ကုမ္ပဏီသည် နိုင်ငံတကာနှင့် အဝှမ်းတွင် လုပ်သားပေါင်း ၃၂၀၀၀ ဦး ရှိကာ၊ ထိုင်းပြည် တွင်း၌ပင် ၂၅၀၀၀ ဦး ရှိပါသည်။ ထိုလုပ်သား အင်အားစု ထဲတွင် ၃၀ ရာခိုင်နှုန်းမှာ မှီခို လုပ်သားများကို အသုံးပြုနေရသည်။ သို့သော် TUF ကုမ္ပဏီ၏ စမုတ်ဆာခွန် စက်ရုံတွင်မူ အလုပ်သမားများ အာလုံး၏ ၇၅ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှ အလုပ်သမားများ ဖြစ်ကြသည်။ ကုမ္ပဏီ၏ ထုတ်လုပ်မှု ပမာဏ ကျဆင်းမှု မရှိစေရန်အတွက် လုပ်သားပြတ်လပ်မှု ပြသနာအား အရေးတကြီး ဖြေရှင်းရန် လိုအပ်လျက် ရှိနေသည်။

ထိုလုပ်သား ပြတ်လပ်မှုအား ဖြေရှင်းရန်အတွက် TUF မှ လုပ်သားများအစား အလိုအလျောက် ထိန်းချုပ် မောင်းနှင်နိုင်မည့် စက်များအား တပ်ဆပ် အသုံးပြုရန် ရည်ရွယ်ထားသည်။

“လုပ်သားအစား အလိုအလျောက် စက်တွေကို အစားထိုး တပ်ဆင်ဖို့ ရည်ရွယ် ထားပါတယ်။ ဒီလို အစားထိုးခြင်း ဟာလည်း အနာဂါတ်မှာ ဖြစ်လာမယ့် လုပ်အားခ ကြီးမြင့်မှုကို အတတ်နိုင်ဆုံး လျော့ချသွားဖို့လည်း ရည်ရွယ်ပါတယ်၊ ပိုမိုကောင်းမွန်တဲ့ အရည်အသွေးတွေနဲ့ ဈေးကွက် လိုအပ်ချက်အရ ထုတ်ကုန်တွေ လုံလောက်မှုရှိအောင် အချိန်မီလည်း ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်” ဟု TUF ကုမ္ပဏီ ဥက္ကဋ္ဌက ပြောကြား သွားပါသည်။

30179653-01_big

ထိုင်းနိုင်ငံမှ မြန်မာ အလုပ်သမား များအား မြင်ရစဉ် (ဓါတ်ပုံ - အင်တာနက်)

မြန်မာနိုင်ငံ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် ဈေးကွက် စီးပွားရေး စနစ် တံခါးဖွင့်ဝါဒကို လက်တွေ့ ကျင့်သုံး လာသည်နှင့် အမျှ မြန်မာနိုင်ငံတွင် အလုပ်ခွင်များ တိုးတက် ဖြစ်ထွန်းလာဖွယ် ရှိပါသည်။ ပြည်ပ ရင်းနှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက်လာကာ အလုပ်ခွင် သစ်များလည်း ဖန်တီးပေးနိုင်သည့် အနေအထားတွင် ရှိနေသည်ဟု မြန်မာလုပ်သားများ၏ လုပ်အားများကို အသုံးပြုနေကြသည့် ထိုင်းလုပ်ငန်းရှင် များက သုံးသပ်ကြပါသည်။ အထူးသဖြင့် ထားဝယ် ရေနက် ဆိပ်ကမ်း ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ဆောက်လုပ်ရေး ကဏ္ဍ၊ ခရီးသွားလာရေး ကဏ္ဍ၊ ဟိုတယ် ကဏ္ဍ နှင့် အခြား ဆက်စပ် ကဏ္ဍများအတွက် အလုပ်ခွင်သစ်များ အလျင်အမြန် ဖော်ဆောင် ပေးနိုင်မည် ဖြစ်ကြောင်း အဆိုပါ ထိုင်းလုပ်ငန်းရှင်များက ရှူ့မြင် နေကြပါသည်။


ရွှေဟင်္သာသတင်းဌာနမှ ကူးယူဖော်ပြပါသည်၊

လစာနည်း မှုကြောင့် အလုပ်သမား ဆန္ဒပြမှုဖြစ်ပွား

Labour_strikeထိုင်းနိုင်ငံ တောင်ပိုင်း ဆုန်ခလာ ခရိုင်က ပင်လယ်စာ စက်ရုံတွင် လစာနည်းသည့် အတွက် တိုးပေးရန် မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ် သမားများက ယမန်နေ့က ဆက်လက် ဆန္ဒပြတောင်းဆို ခဲ့ကြကြောင်း ထိုဒီစက်ရုံမှ မြန်မာ အလုပ် သမားတဦးက ပြောပါသည်။

ပင်လယ်စာ ထုတ်လုပ်သည့် ဆဖတ်ထနာ စက်ရုံတွင် မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ်သမား ၁၀၀၀ ခန့် အလုပ်လုပ် ကိုင် နေပြီး လုပ်ခ လစာနှင့် အလုပ်သမား ရပိုင်ခွင့်တွေ အတွက် တပါတ်ခန့် ဆန္ဒပြနေကြခြင်း ဖြစ်ပါသည်။

အာဏာပိုင်များကလည်း ဆန္ဒပြမှုကို ထိမ်းသိမ်းသည့် အနေဖြင့် သေနတ်သံဖေါက်ပြီး ထိမ်းသိမ်းခဲ့ရသည်ဟု အလုပ်သမား များကဆိုပါသည်။

“ စက်ရုံထဲ ၀င်ဖို့ကြိုးစားတာလေ အလုပ်သမား (၃၀၀) လောက်ရှိတယ်။ တံခါးဖွင့်ပေးဖို့ တောင်းဆိုကြတယ် သူတို့က ဖွင့်မပေးဘူး။ အဲဒါနဲ့ တင်းမာနေတဲ့အချိန်မှာ ထိမ်းသိမ်းရခက်တာပေါ့ အဲဒါသူတို့ ခြိမ်းခြောက် သတိပေးတဲ့ အနေနဲ့ သေနတ်နဲ့ ပစ်ဖောက်တာ”

ဆန္ဒပြပွဲတွင် ကမ္ဘောဒီးယားနိုင်ငံသားများ အများဆုံး ပါဝင်ပြီး ယမန်နေ့က ဆန္ဒပြမှုမှာတွင် မြန်မာ အလုပ်သမား ၄၀၀ ခန့် ပါဝင် ဆန္ဒပြခဲ့ကြပါသည်။ အလုပ်သမားများသည် တရားဝင် လုပ်ကိုင်ကြသူများ ဖြစ်ကြပြီး စာချုပ်ပါ သဘောတူညီ ချက် အတိုင်း လုပ်အားခနှင့် အလုပ်သမား အခွင့်အရေးများကို လုပ်ဆောင်မှု မရှိသည့်အတွက် ဆန္ဒပြနေခြင်းဖြစ်ပါသည်။

“စာချုပ် အတိုင်းပြောရရင်တော့ နေရေးထိုင်ရေး၊ အခမဲ့ ကျန်းမာရေး အပါအ၀င်ပေါ့ဗျာ လုပ်အားခ ဆိုရင်လည်း တရက်ကို၂၀၅ ဘတ်ချုပ်ထားပေမယ့် တကယ်တမ်းကျတော့ ၁ ရက်ကိုဘတ် ၁၆၀ လောက်ပဲရပါတယ်”

ဤပြသနာသည် မတ်လဆန်း ကတည်းက စဖြစ်လာခဲ့ပြီး ဘန်ကောက်ရှိ မြန်မာသံရုံးကို အကြောင်းကြားခဲ့သော်လည်း တစုံ တရာ ဖြေရှင်းမှု မရှိခဲ့ပေ။ နောက်ပိုင်း၌ ဖုန်းဖြင့် ဖြေကြားခြင်းပင် မရှိတော့ကြောင်း အလုပ်သမားများက ပြောပါသည်။ အလုပ်သမားများသည်၊ သတ်မှတ် လုပ်အားခ ရသည်အထိ ဆက်လက် ဆန္ဒပြသွားမည်ဟု ဆိုနေပါသည်။


ရွှေဟင်္သာသတင်းဌာနမှ ကူးယူဖော်ပြပါသည်။

မြန်မာသင်္ကြန်ပြန်ဆင်နွဲမည့် ရွှေ့ပြောင်းအလုပ်သမားများ အကြပ်ကိုင် ငွေညှစ်ခံရ

သင်္ကြန်ပွဲ ဆင်နွဲရန် ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီလမ်းကြောမှတဆင့် နေရပ်ပြန်ကြသည့် ဘန်ကောက်မှ မြန်မာအလုပ်သမားများကို နှစ်ဖက်နယ်စပ်တွင် အုပ်စုဖွဲ့ကျက်စားနေကြသည့် မြန်မာအချို့က လိုရာခရီး ပို့ဆောင် ပေးမည်ဟု စည်းရုံးသိမ်းသွင်းပြီး အကြပ်ကိုင် ငွေညှစ် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြာင်း မြန်မာအလုပ်သမား များက ပြောသည်။
မဲဆောက်ကမ်းနားမှ မြ၀တီဘက် ယနေ့မနက် ပြန်ကူးကြမည့် မြန်မာအလုပ်သမားများ (ဓာတ်ပုံ - KIC)
မဲဆောက်ကမ်းနားမှ မြ၀တီဘက် ယနေ့မနက် ပြန်ကူးကြမည့် မြန်မာအလုပ်သမားများ (ဓာတ်ပုံ - KIC)

ဘန်ကောက်ပြန် မြန်မာအလုပ်သမား ကိုဌေးအောင်က “မဲဆောက်တံတားထိပ်ကို မနက် ၃နာရီကျော်မှာ ရောက်တော့ ဘယ်သွားရမှန်း မသိသေးဘူး။ မြန်မာပွဲစားတွေလာပြီး ယာယီနိုင်ငံကူးလက်မှတ် စာအုပ်တုံးထု ရမယ့်ကိစ္စ၊ မြ၀တီဘက်ကူးမဲ့ကိစ္စ၊ မြ၀တီကနေ ရန်ကုန် မော်လမြိုင် ဘားအံကို ကားနဲ့ဆင်းမဲ့ကိစ္စတွေ အကျိုးဆောင်ပေးမယ်ဆိုပြီး လက်တွေ့မှာတော့ ကုန်ကျငွေထက် အဆမတန်ပိုယူတဲ့အပြင် လူကိုပါ ခြိမ်းခြောက်လာတဲ့အတွက် အခြား မြန်မာအလုပ်သမားတွေ နယ်စပ်က အနေအထားတွေကို သိနိုင်ဖို့ သတိပေးချင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းမြန်မာအလုပ်သမားများသည် ယာယီနိုင်ငံကူးလက်မှတ် အထွက်တံဆိပ်တုံးအတွက် ထိုင်းလူဝင်မှုကြီးကြပ် ရေး-လ၀ကရုံးတွင် တုံးထုခ တရားဝင်ဘတ် ၁,၁၀၀ကို ဘတ် ၁,၆၀၀ပေးရခြင်း၊ မြ၀တီသို့ လှေဖြင့်ကူးရာတွင် ကျပ် ၅၀၀ကို ကျပ် ၁၀၀၀ အထက်တောင်းခြင်း၊ အထုပ်အပိုးများကို တအိတ်လျှင် ကျပ် ၂,၀၀၀ခန့် တောင်းယူ ခြင်းများအပြင် နေရပ်ပြန်မည့်ကားခကိုလည်း ပုံမှန်ထက် ၂ဆနီးပါး တောင်း ယူခြင်းများ ကြုံတွေ့ရသည်ဟု ကိုဌေးအောင်က ပြောကြားသည်။

ယာယီ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများသည် မြန်မာဘက်သို့ကူးနိုင်ရန်အတွက် ထိုင်းလ၀ကရုံးတွင် သမရိုးကျအတိုင်း အထွက်တုံး ထုရန် တရားဝင်သတ်မှတ်ချက်ဘတ်ငွေ ၁၁၀၀ ဖြင့်သွားရောက်ပါက ၀န်ထမ်းများက လွယ်လင့်တကူ လုပ်ဆောင်ပေးခြင်းမရှိသည့်အ တွက် မြန်မာအလုပ်သမားအားလုံးနီးပါးမှာ အထွက်တုံး အမြန်ဆုံး ထုရိုက်ပြီးနိုင်ရန်အတွက် ပွဲစားများကို အဆမတန် ပေးနေရခြင်းဖြစ် သည်ဟု မြန်မာအလုပ်သမားများအရေး ဆောင်ရွက်နေသည့်အဖွဲ့များက ပြောသည်။

မော်လမြိုင်သူ မိငွေကျင်က “အဲဒီပွဲစားတွေက သူတို့ကိုယ်သူတို့ ကားသမားတွေလို့ လိမ်ပြောတာ။ မြ၀တီနဲ့ မော်လမြိုင်ကို ပုံမှန် ကျပ် ၁သောင်းပဲ။ အဲဒါ သင်္ကြန်နီးလို့ဆိုပြီး ၂သောင်းတောင်းတယ်။ ကားသမားကို ၁၅၀၀၀ပေးပြီး သူတို့က ၅၀၀၀ ယူပြီး ပျောက်သွားတယ်။ ကားသမားက အဲဒီလူတွေကို သူတို့မသိဘူးလို့ ပြောတယ်။ ပါလာတဲ့ထိုင်းဘတ်ငွေတွေကို မြ၀တီက မြန်မာငွေလဲခုံတွေမှာ သွားလဲတော့ တစ်သိန်းအုပ်က ကိုးသောင်းပဲပါတယ်။ သွားပြန်ပြောတော့ ပြဿနာရှာပြီး ရိုက်မယ်ပုတ်မယ်နဲ့လုပ်တယ်။ အဲဒီနားမှာရှိတဲ့ ရဲကိုသွားပြော တော့လည်း ကိုယ့်ကိုတောင် အပြစ်ပြန်ပြောလိုက်သေးတယ်”ဟု ဆိုသည်။

ယခုလ ၂၅ရက်နေ့က ထိုင်းနိုင်ငံ၊ ပထုံဌာနီအရပ်မှပြန်လာသည့် မြန်မာအလုပ်သမ မရီရီနှင့် မသင်းသင်းတို့ သည့် မကွေးသို့ ပြန်ရန်အ တွက် မြ၀တီကားဂိတ်တွင် ပွဲစားမှတဆင့် မြန်မာငွေ ၅သိန်းလဲရန် ဘတ်ငွေပေးခဲ့ရာ ပွဲစားထွက်ပြေးသွား၍ ၎င်းအလုပ်သမနှစ်ဦးမှာ မြ၀ တီရှိ တောရဘုန်းတော်ကြီးတွင် လာရောက်တည်းခိုနေရ သည်ဟု ဘုန်းတော်ကြီးအရှင်ကုသလက မိန့်ကြားသည်။

သင်္ကြန်မတိုင်မီ တစ်လနှင့် သင်္ကြန်အပြီး တစ်လအတွင်း မြ၀တီမှ မော်လမြိုင်၊ ဘားအံ၊ ရန်ကုန်ပြေးဆွဲနေ ကသည့် မော်တော်ယာဉ်လိုင်း များသည် ထိုင်းနိုင်ငံမှ ပြန်လာကြသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားများကို သင်္ကြန်ကာလအကြောင်းပြချက်ဖြင့် ယာဉ်စီးခများကို အဆမတန် ကောက်ခံကြသဖြင့် အလုပ်သမားများ နစ်နာကြရသည်ဟု မြ၀တီမြို့ခံတစ်ဦးက ပြောသည်။

၎င်းမြို့ခံ၏ အဆိုအရ သင်္ကြန်ကိုအကြောင်းပြကာ မြ၀တီမှ မော်လမြိုင် ပုံမှန်ကျပ် ၁၀၀၀၀ကို ၁၅၀၀၀ ဘားအံ သို့ ပုံမှန်ကျပ် ၅၀၀၀ကို ၁၀၀၀၀၊ ရန်ကုန်သို့ ကျပ် ၁၀၀၀၀ ကို ၁၂၀၀၀အထိ တရားမ၀င် တိုးမြှင့်ကောက်ခံပြီး အထုပ်အပိုး အကြီးအသေးပေါ်ကြည့်၍ ကျပ် ၁၅၀၀မှ ၂၀၀၀အထိ ကောက်ခံကြသော်လည်း ၎င်းကိစ္စကို မော်တော်ယာဉ်လိုင်းတာဝန်ရှိသူများက တစုံတရာ အရေးယူခြင်းမရှိဟုလည်း သိရသည်။

မတ်လလယ်မှစ၍ မြ၀တီလမ်းကြောအတိုင်း ထိုင်းနိုင်ငံတွင်းမှ နေရပ်ပြန်လာကြသည့် ရွှေ့ပြောင်းမြန်မာအလုပ် သမား အရေအတွက်မှာ ပျမ်းမျှအားဖြင့် နေ့စဉ် ၅၀၀ဦးခန့်ရှိသည်ဟု ချစ်ကြည်ရေးတံတားတွင် တာဝန်ကျသည့် ထိုင်းနယ်ခြားစောင့်တပ်မှူးတဦးက ပြောသည်။

ထိုင်းနိုင်ငံရောက် လက်ရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမား အရေအတွက်မှာ ၂သန်းကျော်ရှိသည်ဟုထိုင်းနိုင်ငံ အခြေစိုက် မြန်မာအလုပ် သမားများအရေး ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက ပြောသည်။

ပတ်စ်ပို့နှင့် ပွဲစားလောက လုပ်စားကြရာဝယ်


ထိုင်းနိုင်ငံတွင်အလုပ်လာရောက်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများကို ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့ သဘောတူညီချက်အရ ပတ်စ်ပို့ပြုလုပ်ရန် လုပ်ဆောင်ကြပြီး ပတ်စ်ပို့များပြုလုပ်စေပါသည်။

ထို့သို့လုပ်ဆောင်ကြရာဝယ် အစိုးရရုံးသို့ တိုက်ရိုက်သွားရောက်လုပ်ဆောင်နိုင်ခြင်းမရှိသောသူများအတွက် ပတ်စ်ပို့လုပ်ဆောင်နိုင်ရန်အ တွက် ပွဲစားကုမ္မဏီများဖွင့်ပြီး လုပ်ဆောင်ပေးကြရာတွင် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅၅၀၀ အနည်းဆုံးဖြင့် ဆောင်ရွက်ကြပါတယ်။ မှန်မှန် ကန်ကန်ဆောင်ရွက်ကြသည့်ကုမ္မဏီမှာ အနည်းငယ်သာရှိပြီး မမှန်မကန် ကိုယ့်မြန်မာအချင်းချင်း လိမ်လည့်လှည့်ပတ်ပြီး လုပ်စားနေကြ သူက များပါတယ်။

အခုရက်ပိုင်း စုံစမ်းရသလောက်ကတော့ အမှန်တစ်ကယ် ကြုံတွေခံစားနေရသူတစ်ဦးရဲ့ရင်ဖွင့်သံကတော့ “ကျွန်တော်တို့မှာ နေထိုင်ခွင့် လက်မှတ်အစစ်နဲ့ ပတ်စ်ပို့တင်လိုက်တယ်။ ဘန်ကောက်ရုံးဆိုတဲ့ဆီကကျလာတဲ့စာရွက် အများခေါ် (သုံးကွက်ကျား) တံဆိပ်တုံးအနီရောင် အ၀ိုင်း ပါရှိပါတယ်။ နေထိုင်ခွင့်ရဲ့ကျောဘက်မှ ပါလာတာတွေရပါတယ်။ နံပါတ် ၁၃ လုံးနဲ့ပါ။ ဒီနေရာမှာ ကုမ္မဏီတွေက MOU လို့ခေါ်တဲ့ ဘာလက်မှတ်မှမရှိတဲ့သူ (လူသစ်) ကို ပတ်စ်ပို့လုပ်ဆောင်လို့ရတယ်ဆိုပြီး ကျွန်တော်တို့ကျနေတဲ့ အဲဒီစာရွက်ပေါ်မှာ နာမည်ပြောင်း ဓါတ် ပုံပြောင်းပြီး အစားထိုးပတ်စ်ပို့လုပ်ပါတယ်။ ပြီးမှ အစစ်အမှန်ဖြစ်တဲ့ ကျွန်တော်တို့ကို ဘတ်ကောက်ရုံးကမကျသေးပါ စသဖြင့် အကြောင်း အမျိုးမျိုးပြပြီး အချိန်ဆွဲထားပါတယ်။ မခြေမငံပြောတာက တမျိုး၊ ဟောက်ငေါက်ပြီးတစ်မျိုး ခြိမ်းခြောက်တာက တမျိုးပါ။ မစောင့်နိုင်ပါက စားရွက်တွေပြန်ယူသွား စရံကတော့ ပြန်မရပါ။ ဒီလိုနှင့် စိတ်ရှည်သည်းခံစောင့်လိုက်တော့ ပတ်စ်ပို့ရလာပါတယ်။

ရလာတဲ့စာအုပ်က ကျွန်တော်ရဲ့ ၁၃ လုံးနံပါတ်အမှန်ဖြစ်သော်လည်း ၁၃ လုံး နံပါတ်တူစာအုပ် ဘယ်နှအုပ်ထွက်ရှိသွားပြီဆိုသည်ကိုတော့ ကျွန်တော်တို့ မသိရတော့ပါ။ ကျွန်တော်တို့ အစစ်အမှန်စာရွက်ရှိသူများကို ၅၅၀၀ ယူသော်လည်း MOU သမားများမှာ (၁၂၀၀၀ ဘတ်မှ ၁၅၀၀၀) ထိ ပေးကြရပါတယ်။ အချို့MOU များမှာ အစစ်အမှန်ဖြစ်ပြီး (၂) လခန့်ကြာအောင် စောင့်ရပါတယ်။ အတုများကတော့ (၃) ရက်နှင့် (၅) ရက်အတွင်း ပတ်စ်ပို့ရတယ်လို့ သိရပါတယ်။” လို့ သူက ရှင်းပြပါတယ်။

မဲဆောက်မှာ ဘာတွေဖြစ်နေကြပီလည်းဆိုတာ မတွေးတတ်အောင်ပါဘဲ။ သတင်းရတာကတော့ အဲလိုစာအုပ်ကို အတုသဘောလုပ်ပြီး ဘန်ကောက်တက်တာ ကွန်ပျူတာစစ်တော့ ၁၃ လုံးနံပါတ်က လူပုံ၊ လက်ဗွေတွေမတူတာကြောင့် စာရွက်စာတမ်းအတုလုပ်တယ်ဆိုပြီး ဖမ်းဆီးထောင်ချတယ်ဆိုတာတော့ ကြားသိရပါတယ်။ မြန်မာလူမျိုးအချင်းချင်း ဒီလိုမလုပ်စားသင့်ဘူးလို့ ထင်ပါတယ်။ အမျိုးကိုစောင့်ရှောက် ရမည့်အစား နှိပ်စက်နေသလိုဖြစ်နေပါကြောင်း ….။


မိုးမခ ၀က်ဆိုက်မှ ကူးယူဖော်ပြပါသည်

Networking

လှုပ်ရှားမှု ပုံရိပ်များ (၁)

အနာဂတ်မှာ မြန်မာအလုပ်သမား ရှားပါးလာမှာ ထိုင်းလုပ်ငန်းရှင်များ ပူပင်

၂ဝ၁၅ ခုနှစ် နောက်ပိုင်း AEC ခေါ် အာဆီယံ စီးပွားရေးအဖွဲကြီး ပေါ်ပေါက် လာပြီးတဲ့အခါ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ အလုပ်သမားတွေကို ရရှိနိုင်ဖို့ မလွယ်ကူတော့ဘဲ အလုပ်သမား ရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်-ပစ်ဆူဝမ်က ထိုင်းလုပ်ငန်းရှင်တွေကို သတိပေး ပြောကြားလိုက်ပါတယ်။

Photo: AFP

မြန်မာနိုင်ငံမှ မိန်းကလေးငယ်များစွာသည် ပြည်တွင်းတွင် စားဝတ်နေရေး မဖူလုံသောကြောင့် အခြားနိုင်ငံများသို့ စွန့်စား သွားရောက်ပြီး အလုပ် လုပ်ကိုင်နေကြရပါသည်။ (Photo: AFP)

ဘန်ကောက်မြို့မှာ မနေ့က ပြုလုပ်တဲ့ စီမံခန့်ခွဲရေး စည်းဝေးပွဲတရပ်မှာ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်က အဲဒီ အချိန်ကာလ ရောက်တဲ့အခါမှာ မြန်မာနိုင်ငံအနေနဲ့ သူ့နိုင်ငံသား အလုပ်သမားတွေကို သူ့ ပြည်တွင်းက စီးပွားရေးဇုံနယ်မြေ သုံးခုမှာ အလုပ်အကိုင်တွေပေးဖို့ ပြန်လည် ခေါ်ယူသွားမှာ ဖြစ်လို့ မြန်မာ အလုပ်သမားတွေအပေါ် အဓိက အားထားလုပ်ကိုင်နေတဲ့ ထိုင်းအလုပ်ရှင်တွေ ထိုင်းစက်ရုံတွေ အနေနဲ့ အခက်အခဲ တွေ့လာရနိုင်ကြောင်း ပြောသွားပါတယ်။

ဒါ့အပြင် ထိုင်း လုပ်ငန်းရှင်တွေအနေနဲ့ လူ့လုပ်အား များများ အသုံးမလိုတဲ့ ခေတ်ပေါ် နည်းပညာတွေကို ရှာဖွေကြဖို့နဲ့ တခြား အာဆီယံနိုင်ငံတွေကို လုပ်ငန်းတွေ ချဲ့ထွင်နိုင်အောင် ကြိုးစားကြဖို့ လိုကြောင်း၊ အစိုးရ အာဏာပိုင်တွေကလည်း ဒီလုပ်ငန်းရှင်တွေကို အခုလက်ရှိထက် ပိုပြီး ပံ့ပိုးအားပေးဖို့ လိုကြောင်း မစ္စတာ ဆူရင်က တိုက်တွန်း ပြောကြားသွားပါတယ်။

RFA သတင်းဌာနမှ ကူးယူဖော်ပြပါသည်။